Synthetic oil ဆိုတာဘာများလဲ ???

ကျွန်တော်တို့မော်တော်ကားအင်ဂျင်တွေနဲ့ စက်ပစ္စည်းတွေမှာ အသုံးပြုနေတဲ့ စက်ဆီ၊ ချောဆီတွေကို mineral oil နဲ့ synthetic oil ဆိုပြီး ခွဲခြားထားကြတာတွေ့မိကြမှာပါ။ synthetic oil တွေက mineral oil တွေထက် ဈေးနှုန်းပိုမိုမြင့်မားသလို synthetic oil တွေရဲ့စွမ်းဆောင်ရည်ကလဲ ပုံမှန် mineral oil တွေထက် အများကြီးပိုမို ကောင်းမွန်ပါတယ်။ စက်ရုံတွေရဲ့အဓိကကျတဲ့ စက်ပစ္စည်းတွေနဲ့ နောက်ဆုံးပေါ် တန်ဖိုးမြင့် မော်တော်ကားတွေမှာ synthetic product တွေကိုပဲ ထည့်သွင်းအသုံးပြုတတ်ကြပါတယ်။ တကယ်တော့ synthetic lubricant ဆိုတာ ဓာတုဗေဒနည်းအရ နည်းပညာမြင့်တီထွင်ထုတ်လုပ်ထားသော chemical compound တွေနဲ့ဖွဲ့စည်းထားတဲ့ အရည်အသွေးမြင့် စက်ဆီချောဆီ တစ်မျိုးပဲ ဖြစ်ပါတယ်။ အပူချိန်မြင့်မားပြီး ပြင်းပြင်းထန်ထန် ရုန်းကန်လည်ပတ်ရတဲ့ စက်ပစ္စည်းတွေအတွက် သာမာန် mineral oil တွေနေရာမှာအစားထိုး အသုံးပြုနိုင်ဖို့ ပိုပြီးအရည်အသွေးကောင်းမွန်တဲ့ စက်ချောဆီကိုတီထွင်ဖို့ ကြိုးစားခဲ့ကြတယ်။ ၁၉၃၀ခုနှစ်အလွန်လောက်မှာ ဂျာမန်ပညာရှင်တွေက အလွန်အေးတဲ့ရာသီဥတုမှာ လေယာဉ်အင်ဂျင်တွေကိုအလွယ်တကူ စက်နှိုးနိုင်ဖို့နဲ့ conventional oil သုံးခြင်းကြောင့် oil radiators မှာ ဖြစ်ပေါ်လာလေ့ရှိတဲ့ အမှုန်အမွှားတွေနဲ့ ချိုး(ဂျိုး)တွေကိုဖြေရှင်းနိုင်ဖို့ synthetic oil ကိုတီထွင်ခဲ့ကြတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တပ်တွေနဲ့ အမေရိကန်တပ်တွေ ရဲ့ လေယာဉ်အင်ဂျင်တွေမှာ Synthetic oil ကိုစတင်အသုံးပြုခဲ့ပါတယ်။ ............................................................................................ Synthetic oil ၏ ဂုဏ်သတ္တိများနှင့် synthetic oil အသုံးပြုခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ 👉 Synthetic oil တွေရဲ့ Viscosity Index (VI) မြင့်တာကြောင့် နိမ့်လွန်း၊ မြင့်လွန်းတဲ့ အစွန်းရောက် အပူချိန်တွေကိုပိုမိုခံနိုင်ရည်ရှိပါတယ်။ 👉 Shear stability မြင့်တာကြောင့်လဲ ဆီသားကွဲထွက်ပျက်စီးခြင်းများ ဖြစ်ဖို့မလွယ်ပါဘူး။ 👉 ကောင်းမွန်တဲ့ Oxidation Stability ကြောင့် ဆီခန်းပြီးပျောက်တာတွေ၊ ဆီပျစ်သွားတာတွေကိုကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ 👉 ပိုမိုကြာရှည်ခံတဲ့ ဆီသက်တမ်းကြောင့် ဆီတစ်ခါလဲတိုင်းကုန်ကျမဲ့ စရိတ်စက သက်သာစေပြီး စွန့်ပစ်ဆီဟောင်းပမာဏ လျော့ကျသွားတာကြောင့် သဘာဝပတ်ဝန်းကျင်ကိုပါ ပိုမိုထိန်းသိမ်းနိုင်ပါတယ်။ 👉 အလွန်နိမ့်တဲ့ အပူချိန်အထိ ဆီခဲသွားခြင်းမဖြစ်နိုင်တာကြောင့် ပိုမိုချောမွေ့တဲ့ low temperature starting ကိုရရှိနိုင်ပြီး သင့်ကားရဲ့ battery နဲ့ starter motor ကိုထိခိုက်စေခြင်းမှ ကာကွယ်ပေးပါတယ်။ 👉 အင်ဂျင်ရဲ့ hot spot တွေမှာ ဆီလောင်ကျွမ်းမှုနှုန်းနည်းသွားတာကြောင့် ပြာနဲ့ အခြားအမှုန်အမွှား များဖြစ်ပေါ်ခြင်းလဲ လျော့ကျသွားပြီး အင်ဂျင်ရဲ့ ဆီလမ်းကြောင်းပိတ်ဆို့မှုတွေကို ကာကွယ်ပေးပါတယ်။ 👉 ထိရောက်ကောင်းမွန်တဲ့ ချောမွေ့နိုင်မှုစွမ်းရည်ကြောင့်လဲ ပွန်းစားမှု၊ တိုက်စားမှုတွေကို အကောင်းဆုံးကာကွယ်ပေးနိုင်ပြီး အင်ဂျင်သက်တမ်းကို ရှည်ကြာစေနိုင်ပါတယ်။ 👉လမ်းတွေပေါ်မှာ အမှန်တကယ်မောင်းနှင်သွားလာနေတဲ့ Transportation company တွေကမော်တော်ယာဉ်တွေမှာထည့်သွင်းအသုံးပြုကြည့်ပြီး လက်တွေ့လေ့လာစမ်းသပ်ချက်တွေမှတစ်ဆင့် synthetic oil သုံးခြင်းဖြင့် လောင်စာဆီစားနှုန်းကိုလဲ 1.8% မှ 5% အထိလျှော့ချပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။ အချုပ်ပြောရရင် synthetic oil တွေက စတင်ဝယ်ယူစရိတ်ပိုမိုမြင့်မားပေမဲ့ ဆီသက်တမ်းကြာရှည်တာကြောင့် ဆီခနခဏ မလဲရတော့လို့ ချောဆီဖိုး၊ လက်ခ၊ filter ဖိုး တွေသက်သာစေပြီး စက်ပစ္စည်းတွေနဲ့ အင်ဂျင်အစိတ်အပိုင်းတွေကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တာကြောင့်လဲ အင်ဂျင်ပျက်စီးမှုကြောင့် ပြုပြင်ထိန်းသိမ်းခတွေ၊ လုပ်ငန်းရပ်ရလို့ဆုံးရှုံးရတဲ့တန်ဖိုးတွေကို လျှော့ချပေးနိုင်လို့ ကာလရှည် အနှစ်ချုပ်ကြည့်လိုက်တဲ့အခါ ယာဉ်ပိုင်ရှင် စက်ရုံပိုင်ရှင်တွေအတွက် ပုံမှန် mineral oil သုံးတာထက် ပိုမိုသက်သာပြီး အများကြီးပိုအကျိုးရှိတာ တွေ့ရမှာပါ။